.......... မနေ့က လကလည်း လကုန်ရက်မို့ မြန်မာပြည်က မိသားစုတွေကို ပိုက်ဆံလွဲဖို့ အတွက် မြန်မာဆိုင်တွေရှိရာ နီးစပ်ရာမြို့လေး တမြို့ကိုထွက်လာခဲ့တယ်။ ထုံးစံအတိုင်း ဒီလိုလကုန်ရက်မျိုးဆို မြန်မာဆိုင်တွေမှာ ရွှေမြန်မာ၊ ရွှေမြန်မာမတွေ ကြိတ်ကြိတ်တိုးပေါ့ ခင်ဗျာ။ မူးတဲ့သူကော ရှုးတဲ့သူကော အစုံပေါ့။ စိတ်ထဲ မြန်မာပြည်ပြန်ရောက်နေသလို ခံစားရတယ်။ မျက်စိတဆုံး ကြည့်လိုက် မြန်မာတွေကြီးပါပဲ။ လူတွေကို ကြည့်ပြီး ပျော်တာကနည်းနည်း လူဘ၀ကြီးကို စိတ်ပျက်မိတာက များများရယ်ပါ။
ဒီလိုနဲ့ ပိုက်ဆံလွဲမဲ့ ဆိုင်ရဲ့အခန်းထဲ တချက်ဝင်ကြည့်တော့ စိတ်ဓာတ်တော်တော်ကျသွားတယ်။ အခန်းထဲမှာ နည်းနည်းနှောနှောတွေမှ မဟုတ်တာ ဆူညံပွတ်လေရိုက်နေတယ်။ ကိုယ်လဲ ပိုက်ဆံလွဲမည့် လိပ်စာလေး အမြန်ရေးခါ စာရွက်ထပ် တန်းစီလိုက်တယ်။ အားလားလား... မြန်မာ့အလုပ်သားကောင်း သမီးကောင်းရတနာတွေ သူတပါးနိုင်ငံကို အလုပ်အကျွေးပြုရင် ရလာတဲ့ ၀င်ငွေတွေ ပိုက်လိုက်တဲ့ပိုက်ဆံ အားရလှပါဘိ။ သိန်း၅၀၊ သိန်း၃၀၊ သိန်း၂၀၊ ၁၀သိန်း၊ ၅သိန်းတွေနဲ့ တသိန်းပို့ တဲ့လူဆိုတာ ခပ်ရှားရှားရယ်ပါ။ အလုပ်ကောင်း ၊ ကုမဏီကောင်းလို့ ငွေများများပို့နိုင်တဲ့သူကလည်း မျက်နာကို တင်းနေတာပါပဲ။ '' ဘယ်လောက်ပို့မှာလဲ '' လို့ မေးရင် '' သိန်း ၄၀ '' ဆိုတာနဲ့ တခန်းလုံးရဲ့ မျက်လုံးတွေက သူ့ဆီရောက်သွားတယ်။ အထင်ကြီး လေစားတာလိုလို၊ အားကျတာလိုလို၊ မနာလို ၀န်တိုတာလိုလို အကြည့်တွေနဲ့ပေါ့။ ကုမဏီမကောင်း ၀င်ငွေနည်းလို့ ၂ သိန်း ၃သိန်းပဲ ပို့နိုင်တဲ့သူကလည်း '' ဘယ်လောက်ပို့မှာလဲ '' မေးရင် မျက်နာငယ်ငယ်လေးနဲ့ အသံသေးသေးနဲ့ တိုးလျှစွား ပြန်ဖြေနေတာကို တွေ့ရပြန်သေးတယ်။ ငွေလွဲလက်ခံတဲ့သူတွေကလည်း ငွေများများလွဲတဲ့သူဆို တမျိုး၊ ငွေနည်းနည်းလေးလွဲတဲ့ သူဆိုတမျိုး ခွဲခြား ဆက်ဆံတက်တော့ ဒီလိုနေရာကို လာရတဲ့ အဖို့မှာ အင်မတန် စိတ်မချမ်းသာ စရာမြင်ကွင်းတွေကို မြင်နေရသလိုပါပဲ။
အဲဒီအချိန် ကိုယ့်အလှည့်များကျလာမလားလို့ အာရုံစိုက် နားထောင်နေတဲ့ အချိန် နာမည်တခု အော်လာတယ်။ နာမည်ရှင်က ပြန်ထူးတာ ကြားလိုက်ရတယ်။ နောက်ပြီးတော့ ငွေလက်ခံတဲ့ သူက ဆက်မေးတယ်။
.......... '' ဘယ်လောက် လွဲမှာလဲ ''
အားလုံး နားစွင့်ပြီး တိတ်နေတဲ့ အချိန်ကိုက်မို့ ထင်တယ် ပြန်ဖြေတဲ့ သူက ပြန်ဖြေသံက ကျယ်ထွက်လာတယ်။
.......... '' သုံးသောင်း ''
ငွေလွဲလက်ခံတဲ့သူတွေရဲ့ ဘာမှပြန်မပြောသေးဘဲ မျက်မှောင်ကုပ် မျက်နာမကြည်မသာ ကြည့်နေတာကလွဲရင် တခန်းလုံး ၀ါးလုံးကွဲအောင် ရယ်တဲ့သူကရယ်၊ ဒီလောက်ငွေနည်းနည်းနဲ့ လူတွေများရကြားထဲ လာပို့ရလားဆိုပြီး ကဲ့ရဲ့ပြစ်တင်တဲ့သူက တင်၊ သနားဂရုဏာ ဖြစ်ပြီး ကြည့်နေတဲ့သူကလည်း ကြည့်လို့ပေါ့။ အေးဒီအချိန်မှာ ငွေလွဲလက်ခံတဲ့သူက ဒီလောက်ငွေလေးနဲ့ ငွေလွဲလက်မခံနိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သူ့စာရွက်ကို သူ့ဆီရှေ့တွန်းထိုးပြီး ထိုသူအား စေ့စေ့ကြည့်ခါ...
.......... '' ခင်ဗျား ဗျာ... ဒီငွေလေး သုံးသောင်းနဲ့ များပိုက်ဆံလာ လွဲရတယ်လို့ ... ''
.......... '' မဟုတ်ဘူး ညီလေး... အစ်ကိုက.... ဟို..''
.......... '' တော်ပါတော့ဗျာ ....ခင်ဗျားတို့မလဲ......ကောင်မလေးတွေ ဖုန်းဝယ်ပေးဖို့၊ အရက်သောက်ဖို့၊ ဆေးချဖို့ဆို ပိုက်ဆံတွေ သုံးလိုက်တာ အိမ်က မိဘတွေဆီ... မိသားစုတွေဆီ ပို့မယ်ဆိုရင် လာပြီ.... သုံးသောင်း၊ ငါးသောင်း၊ တသိန်း.... ခင်ဗျာ ပိုက်ဆံကို မလွဲပေးနိုင်ဘူး ပြန်ယူသွား..''
အသက် အစိပ်ဝန်းကျင်လောက်သာ ရှိသေးတဲ့ ငွေလက်ခံတဲ့ လူငယ်လေးက ဆုံးမတရားဟောနေတာကို အသက် ၃၀ ကျော် ၄၀ ကျော်လူကြီးခမျာ မျက်နာအငယ်သားနဲ့ ပြန်ရှင်းချက် ထုတ်ဖို့ကြိုးစားနေတယ်။ ဒီကောင်လေး ပြောတာ ဟုတ်လည်း ဟုတ်ပါတယ်။ ဘယ်နုယ်ကွာ သုံးသောင်းလေးနဲ့ သူ့မိသားစု တလစာ ဘယ်မှာသွား လောက်လောက်ငုငု သုံးမလဲ ဒီလိုလူမျိုးတွေ၊ ဒီထက်ဆိုးတဲ့ လူမျိုးတွေ လည်း အများကြီး ရှိတာမို့ စိတ်ထဲကနေ စုတ်တချက်ထိုးမိတယ်။ ဒါပေမဲ့ စောစောကလူကတော့ မလျော့သေးဘဲ အတင်းရှင်းပြနေတော့သည်။
.......... '' ညီလေး အစ်ကို ပြောပါရစေအုန်း.. ညီလေး ထင်သလို အစ်ကို မဟုတ်ပါဘူးကွာ ... ဒီမှာ လိပ်စာကို ကြည့်ပါအုန်း ညီလေးရယ် အခု စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှာ တရားအားထုတ်နေတဲ့ သံဃာအရှင်မြတ်တွေ နံနက်အာရုံဆွမ်းအတွက် အခက်အခဲဖြစ်နေလို့ အစ်ကိုလည်း မရှိမဲ့ရှိမဲ့ထဲက ခခြစ်ကုတ်ပြီး လှမ်းလှူရတာပါ ညီလေးရာ.. ကူညီပါ ညီလေးရာ ဒီပိုက်ဆံလေးကို ပို့ပေးပါနော်....အဲဒီထဲမှာ အမှုဆောင် ဆရာတော်ဖုန်းနံပါတ်လည်းပါပါတယ်...''
တခန်းလုံး တိတ်ဆိတ်လို့ သွားပြီလေ။ အားလုံးရဲ့ မျက်လုံးတွေက ထိုသူ့ကို ငေးကြည့်နေလို့ပေါ့။ ငွေလက်ခံတဲ့ ကောင်လေးကိုယ်တိုင် ဘာပြန်ပြောရမှန်းကို မသိ စွံအလို့ သွားသလိုပဲ။ ဒီလိုကို တွင်တွင်ကြီးကြည့်နေရင်းမှ....
.......... '' အစ်ကိုရာ ညီ အနူးညွတ်တောင်းပန်ပါတယ် စောစောက ညီ အထင်မှား ဆော်ကားမော်ကား ပြောလိုက်တာတွေ အတွက် ထပ်ပြီး အနူးညွတ် တောင်းပန်းပါတယ်ဗျာ ''
.......... '' ဟာ.. ညီလေးကလည်း ရပါတယ်ကွယ်... ဒီငွေလေးသာ ကူညီပြီး ပို့ပေးပါ ညီလေးရာ...''
.......... '' အော် .. ဟုတ်ကဲ့ စိတ်ချအကို အမြန်ဆုံးရောက်စေရမယ်... စိတ်ချ အစ်ကို..''
ပိုက်ဆံလွဲ စားရင်းဇယားတွေ လုပ်ပြီး ဒီလူ အလှူအတန်းအခုမှ မြောက်သွားလို့ ကုသိုလ်ဝမ်းသာ ပီတိ အပြုံးလေး ထွက်သွားတာကို အားလုံး ငေးကြည့်နေမိတယ်။
ကျွန်တော်ထင်ပါတယ် အားလုံးရဲ့ ရင်ထဲမှာ မေးခွန်းတခုတော့ ကျန်ခဲ့မှာပါ။ ငါကော သူ့လို ဒီလိုမြင့်မြတ်တဲ့ အလှူမျိုး ဘယ်နှစ်ခါလှူပြီးပြီလဲလို့။ ငါတို့တွေ အလာကားဟတ်သက် အပျော်အတွက် သုံးဖြုန်းနေတဲ့ ပိုက်ဆံတွေ ထဲကနည်းနည်းလေးကိုတောင် မလှူနိုင်ဘူးလား။ သာသနာအတွက် အပတ်ကုတ် နေမအားညမအား နေပူမရှောင်၊ မိုးရွာမရှောင် သာသနာပြုနေတဲ့ ဆရာတော် သံဃာတော် သီလရှင်တွေအတွက် ဆွမ်းလေး တဇွန်း၊ ဆွမ်းလေး တလုပ်တောင် လှူဒါန်းဖို့ အသင့်ဘူးလား။ တကယ် ပါခင်ဗျာ လှူတောင် မလှူရသေးပါဘူး။ ဒီလိုလေး တွေးမိသွားတာကိုက ရင်ထဲအေးချမ်းလိုက်ပါဘိ။ ဟုတ်ပြီး ဒီနေ့ကနေစပြီး သဒ္ဒါတရား နည်းသည်များသည်ကို ရှက်မနေတော့ပဲ ဒီလိုလှူဒ္ဒါန်းမှုလေးကို ကိုယ်တက်နိုင်သလောက် လုပ်သွားတော့မယ် ရင်ထဲကနေ ဆုံးဖြတ်ချလိုက်တော့တယ်။
@ Posted by Cells 2(မြတ်ထွန်း) at goldencells
No comments:
Post a Comment